Sunday, December 6, 2015

ရဋ္ဌပါလသုတ်(ပထမပိုင်း)

အခါတပါး၌ဗုဒ္ဓမြတ်စွာသည် ရဟန်းသံဃာများစွာ
တို့နှင့်အတူ ကုရုတိုင်းအတွင်း၌ ဒေသစာရီ လှည့်
လည်တော်မူရာ ထုလ္လကောဋ္ဌိကမည်သော နိဂုံးသို့
ဆိုက်ရောက်လေ၏။ ထုလ္လကောဋ္ဌိက၌ နေသောသူ
တို့သည်ဗုဒ္ဓကြွရောက်လာသည့်သတင်းကို ကြားသိ
ကြလျှင် ဗုဒ္ဓထံသွားရောက်ဖူးမြော်ကြ၏။ ထိုသူတို့တွင်
ရဋ္ဌပါလမည်သော အမျိုးကောင်းသားတစ်ယောက်
လည်းပါဝင်၏။ ရဋ္ဌပါလသည် ဘုရားရှင်၏တရားကို
နာရသောအခါ လူဝတ်ကြောင်ဘဝဖြင့် အကျင့်မြတ်
ကို ပြည့်စုံစင်ကြယ်အောင် ကျင့်သုံးရန်မလွယ်ကူ
ကြောင်း စဉ်းစားမိသဖြင့် မိမိကိုရဟန်းပြုပေးရန်
ဘုရားရှင်ထံတောင်းပန်၏။မိဘနှစ်ပါး၏ခွင့်ပြုချက်
ရသူကိုသာရဟန်းပြုပေးနိုင်ကြောင်း မိန့်ကြားလျှင်
ရဋ္ဌပါလသည် အိမ်ပြန်၍ မိဘများထံခွင့်တောင်း
လေ၏။မိဘများက တစ်ဦးတည်းသောသားဖြစ်၍
ခွင့်မပြုနိုင်ကြောင်း ငြင်းပယ်ကြ၏။ ရဋ္ဌပါလသည်
သုံးကြိမ်တိုင်အောင်ခွင့်တောင်းသော်လည်း မရ
သောအခါ " ရဟန်းပြုခွင့်မပေးလျှင် ဤနေရာမှငါ
မထ " ဟုဆိုကာအခင်းမရှိသောမြေပေါ်၌ လှဲအိပ်
နေလေ၏။ မိဘနှစ်ပါးနှင့်သူငယ်ချင်းတို့က အမျိုး
မျိုးဖျောင်းဖျပြောဆိုကြသော်လည်း ရဋ္ဌပါလသည်
ထမင်းလည်းမစား စကားတုန့်ပြန်ပြောဆိုခြင်းလဲ
မပြုဘဲ နေလေသည်။
၊ ဤသို့ဖြင့်ခုနှစ်ရက်နီးပါးကြာသောအခါ
ရဋ္ဌပါလ၏သူငယ်ချင်းတို့က သူမိဘများကိုတစ်မျိုါ်
လှည့်၍ တောင်းပန်ကြ၏။" ရဋ္ဌပါလသည် ရဟန်း
ပြုခွင့်မရလျှင် အသေခံသွားဖွယ်ရှိပါသည်၊ ရဟန်း
ပြုခွင့်ရပါမူကား ရဟန်းအဖြစ်ဖြင့် သူ့မျက်နှာကို
မြင်ရပါလိမ့်မည်။ ရဟန်းဘဝ၌မပျော်ပိုက်လျှင်လည်း
အိမ်ပြန်လာပါလိမ့်မည် " ဟုဖျောင်းဖျပြောဆိုကြ၏။
မိဘများလည်း" သေကွဲ ကွဲရခြင်းနှင့်စာလျှင် ရှင်ကွဲ
ကွဲရခြင်းက ကောင်းသေး၏ " ဟုသဘောပိုက်ကာ
ရဟန်းပြုခွင့်ပေးလိုက်ကြတော့၏။
၊ ရဟန်းပြုခွင့်ရပြီဖြစ်ကြောင်း သိရသောအခါ
ရဋ္ဌပါလသည် အိပ်ယာမှချက်ချင်းထ၍ အားပြည့်
အောင် အစာစားသောက်ပြီး ဘုရးရှင်ထံသွား၍
ရဟန်းပြုလေသည်။ ဘုရားရှင်သည်နောက်လဝက်
ခန့်ကြာသောအခါ ကောဋ္ဌိကနိဂုံးမှ သာဝတ္တိပြည်
သို့ကြွ၍ ဇေတဝန်ကျောင်း၌သီတင်းသုံးလေရာ
ရှင်ရဋ္ဌပါလလည်းလိုက်ပါသွားလေသည်။ထို့နောက်
ဆိတ်ငြိမ်ရာအရပ်သို့ချဉ်းကပ်၍ ကမ္မဋ္ဌာန်းတရား
ကို အပြင်းအထန်အားထုတ်လေရာ မကြာမှီ
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလေသည်။
--မိဘများထံပြန်လာခြင်း--
၊ ဤသို့ရဟန်းကိစ္စပြီးလတ်သော် ရှင်ရဋ္ဌပါလ
သည် ရဟန်းမပြုမှီက ဝန်ခံကတိပြုခဲ့သည့်အတိုင်း
မိဘနှစ်ပါးနှင့်တွေ့ရန် ဘုရားရှင်ထံခွင့်ပန်ပြီး ထုလ္လ
ကောဋ္ဌိကနိဂုံးသို့ ထွက်ခွာခဲ့လေသည်။ ထိုနိဂုံးသို့
ေ၇ာက်လျှင် ကောရဗျမင်း၏ မိဂစီရမည်သော
ဥယျာဉ်၌ သီတင်းသုံးနေလေသည်။
၊ နောက်တစ်နေ့တွင် ထုလ္လကောဋ္ဌိကနိဂုံးသို့ဝင်
၍ အိမ်စဉ်အတိုင်းဆွမ်းခံလှည့်လည်လေသော်
မိဘနှစ်ပါး၏ အိမ်ရှေ့သို့ရောက်လေသည်။အိမ်ရှေ့
ခန်း၌ ဆံရှင်းနေသောဖခင်ကြီးသည် ရှင်ရဋ္ဌပါလကို
မြင်လျှင် မိမိသားမှန်းမသိသဖြင့် " ငါတို့၏ ချစ်လှစွာ
သောသားကို ရဟန်းပြုပေးသည်မှာ ဒီဦးပြည်းကတုံး
တွေပဲ " ဟုရေရွတ်ဆဲဆိုလေသည်။ ဤသို့မိမိဖခင်
အိမ်မှ ဆွမ်းမရပဲ ဆဲဆိုမှုကိုသာရသဖြင့် ထွက်ခွာ
လာသောရှင်ရဋ္ဌပါလသည် ညကကျန်နေသည့်မုယော
မုန့်များကို စွန့်ပစ်ရန်ထွက်လာသော ကျွန်မ တစ်
ယောက်နှင့်တွေ့၍ " နှမ၊ စွန့်ပစ်ရမည့်ပစ္စည်းဖြစ်က
ဒီသပိတ်ထဲသို့ထည့်ခဲ့ပါ " ဟုပြောဆိုလေသည်။
ကျွန်မသည် မုန့်များကို သပိတ်ထဲသို့လောင်းထည့်
ယင်း ရှင်ရဋ္ဌပါလ၏ လက်ခြေအမူအရာနှင့် အသံ
တို့ကို မှတ်မိသွားလေသည်။
၊ ထို့နောက်ကျွန်မသည် သူဌေးကြီးအား ရှင်ရဋ္ဌ
ပါလကို မိမိတွေ့မြင်လိုက်ကြောင်း ပြောကြားလေ
သည်။ သူဌေးကြီးသည် ထိုစကားကိုကြားလျှင် သား
နောက်သို့ ချက်ချင်းလိုက်သွားရာ နံရံတစ်ခုကိုမှီ၍
မုန့်သိုးများကိုသုံးဆောင်နေသော သားကိုတွေ့၍
အပြစ်တင်စကားပြောလေသည်။
" ချစ်သား၊အဘယ်ကြောင့်မုန့်သိုးများကို စားဘိ
သနည်း။ကိုယ့်အိမ်ကိုလာခဲ့ပါတော့လား "
" ဒကာကြီး၊ငါတို့ရဟန်းဆိုတာ အိမ်မရှိ ၊သင့်အိမ်သို့
ရောက်သော်လည်း ဆွမ်းမရပဲ ဆဲဆိုမှုကိုသာရခဲ့
ပါသည် "
" ချစ်သားရဋ္ဌပါလ၊သို့ဖြစ်လျှင်ယခုလိုက်ခဲ့ပါ၊အိမ်
သို့သွားကြပါမည်။ "
" ဒကာကြီး၊ မလိုက်လိုတော့ပါ၊ယနေ့အဖို့ဆွမ်းကိစ္စ
ပြီးပါပြီ "
" ချစ်သား၊သို့ဖြစ်လျှင် နက်ဖြန်ကျွန်ုပ်အိမ်သို့ဆွမ်းခံ
ကြွပါလော့ "
ရှင်ရဋ္ဌပါလသည် ဖခင်၏ဖိတ်ကြားချက်ကို လက်ခံပြီး
မိဂစိရ ဥယျာဉ်သို့ ပြန်ကြွခဲ့လေသည်။
--ရွှေ၊ငွေ၊မိန်းမတို့ဖြင့်ဖြားယောင်းခြင်း--
သူဌေးကြီးသည် မိမိ၌ရှိသော ရွှေ၊ငွေ၊ဥစ္စာရတနာ
အားလုံးကို တစ်နေရာတည်း၌စုပုံ၍ ဖျာများဖြင့် ဖုံး
အုပ်ထားစေသည်။ ချွေးမများကိုလည်း သားလာ
သည့်အခါသူကြိုက်နှစ်သက်တတ်သော အဝတ်အစား
များ ဝတ်ဆင်ထားကြရန် မှာကြားလေသည်။နောက်
နေ့ဆွမ်းခံချိန်ရောက်၍ ရှင်ရဋ္ဌပါလကြွလာသောအခါ
သူဌေးကြီးသည် ဖျာများဖြင့်ဖုံးအုပ်ထားသော ရွှေ
ငွေဥစ္စာရတနာတို့ကို ဖွင့်ပြပြီး သားအား ဖြားယောင်း
သွေးဆောင်စကားပြောကြားလေသည်။
" ချစ်သား၊ဒီပစ္စည်းတွေဟာ သင့်မိခင်ဖက်မှ အမွေ
ရလာတဲ့ပစ္စည်းတွေဖြစ်တယ်။ ဖခင်ဖက်မှရတဲ့အမွေ
ပစ္စည်းတွေနဲ့တခြားပစ္စည်းတွေလဲအမြောက်အများရှိ
သေးတယ်၊သားလူထွက်ပြီးဒီပစ္စည်းတွေကိုသုံးဆောင်
ခံစားပါ၊ကုသိုလ်ကောင်းမှုတွေလဲ ပြုနိုင်ပါတယ် "
" ဒကာကြီး၊ကျွန်ုပ်စကားကိုလိုက်နာမယ်ဆိုယင်
ဒီပစ္စည်းတွေကို လှည်းနဲ့တိုက်ပြီး ဂင်္ဂါမြစ်ထဲကိုပစ်
ချလိုက်ပါ၊ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းတွေကို
အကြောင်းပြုပြီး ဒကာကြီးမှာကိုယ်ဆင်းရဲခြင်း၊စိတ်
ဆင်းရဲခြင်းတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ဖြစ်ပါတယ် "
၊ ရှင်ရဋ္ဌပါလ၏ပြတ်သားသောစကားကြောင့်သူဌေး
ကြီးနှုတ်ဆိတ်သွားသောအခါ မယားဟောင်းတို့က
ရှင်ရဋ္ဌပါလ၏ ခြေနှစ်ဘက်ကို ကိုင်တွယ်ပွတ်သပ်
ကာ သွေးတိုးစကားဆိုကြပြန်၏။
" အရှင့်သား၊နတ်သမီးတွေကိုလိုချင်လို့ ရဟန်းပြု
တယ်ဆို၊အဲဒီနတ်သမီးတွေကဘယ်လိုနေပါသလဲ"
" နှမတို့၊ငါဟာနတ်သမီးတွေကိုလိုချင်လို့ ရဟန်းပြု
တယ်ဆိုတာမဟုတ်ပါဘူး "
ဤသို့ရှင်ရဋ္ဌပါလက ပြောဆိုသောအခါ မယား
ဟောင်းတို့သည် မိမိတို့အားနှမဟူသောအသုံးအနှုံး
ဖြင့်ပြောဆိုခံရသည့်အတွက် ဝမ်းနည်းပူဆွေးကာ
မူးမေ့သွားကြလေသည်။ထိုအခါရှင်ရဋ္ဌပါလက
သူဌေးကြီးအား" ဒကာကြီး၊ဆွမ်းကပ်မည်ဆိုလျှင်
ကပ်ပါတော့၊ကျွန်ုပ်ကိုမညှင်းဆဲပါလင့် " ဟုဆို၏။
သူဌေးကြီးလည်းသားရဟန်းကို မွန်မြတ်သောဆွမ်း
ဘောဇဉ်ဖြင့် လုပ်ကျွေးပြုစုလေသည်။
၊ ရှင်ရဋ္ဌပါလသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ
မတ်တတ်ရပ်လျက်သာလျှင်ပင်---
" လှပတင့်တယ်စွာ ဆင်ယင်ထားသော ခန္ဓာကိုယ်
တို့သည် လူမိုက်တို့ကိုသာတွေဝေမိန်းမောစေနိုင်
ပြီး သံသရာတစ်ဖက်ကမ်းသို့ ကူးသွားရန်ကြိုးစား
အားထုတ်နေသူများကို တွေဝေမိန်းမောစေရန်
မစွမ်းနိုင် "ဟုဟောကြားဆုံးမပြီးမိဂစိရဥယျာဉ်သို့
ပြန်ကြွသွားလေသည်။
----------------------------------

 ဓမ္မာစရိယဦးမောင်မောင်လေး၏ပိဋကအနှစ်ချုပ်
မဇ္ဈိမနိကာယ်(ဒုတိယတွဲ)မှ

No comments:

Post a Comment