Sunday, December 6, 2015

ဘယ်အရာပို၍မြတ်သည်လဲ

၊ အနာထပိဏ်သူဌေးကြီး ၏ သားကာလ
အမည်ရှိသောသူဌေးသားသည်အသက်လေးက
လည်းငယ်ရွယ်၊ငွေကြေးကလည်းပေါ၊အပေါင်း
အသင်းကလည်းစုံလှသဖြင့်လူငယ်တို့ဘာဝ
ပျော်ချင်တိုင်းပျော်မော်ချင်တိုင်းမော်ကာ
သုံးဖြုန်းလျက်သာနေ၏။
၊ ဖခင်သူဌေးကြီးသိအောင်တမျိုး၊မိခင်
သူဌေးကတော်ကကျိတ်၍ပေးရသည်ကတဖုံ၊
ကာလသတို့သား၏သောင်းကျန်းမှုသတင်းစုံကို
အနာထပိဏ်သူဌေးကြီး၏နားလျှံအောင်ကြား၍
နေပေသည်၊သူဌေးကတော်ကြီးအားကြပ်တည်းစွာ
တားမြစ်သဖြင့်သူဌေးသားကာလမှာတောင်းတိုင်း
မရ၊သုံးဖြန်းရန်ငွေကြေးကြပ်တည်းနေတော့သည်၊
ငွေကြေးမရှိလျှင်မပျော်ရွှင် အိမ်မှာပင်ကုပ်ခါ
နေရရှာလေ၏။
ဖခင်ဖြစ်သူ၏အကြံ
၊ ကာလသတို့သားသည်မိမိအိမ်သို့ဘုရားရှင်
ကြွလာတော်မူသည့်အခါဖူးမြော်ခြင်းလည်းမရှိ၊
တရားတော်ကိုနာကြားရန်မှာဝေးလာဝေး၊
သံဃကိစ္စဆိုလျှင်အဝေးကရှောင်၊
ဖခင်ကကြံဆောင်ပြောသော်လည်းမနာခံ၊
ဤအတိုင်းသာနေလျှင်ငရဲသို့လားရတော့မည်ဟု
သူဌေးကြီးသည်ကြံဆင်ခြင်မိသည့်အလျောက်
ငွေလိုသူကိုငွေနှင့်မျှား၍သိမ်းသွင်းမှသင့်တော့မည်
ဟုစိတ်ကူးကာ ကာလသတို့သားအား
" သင်တောင်းသောအသပြာတထောင်ကို
ငါပေးမည်၊ငါခိုင်းစေရာတခုကိုလုပ်မည်လော"
ဟုမေး၏။သားက " အသပြာတထောင်ထုပ်ရလျှင်
လုပ်ပါ့မည် " ဟုဝန်ခံသဖြင့်
" နက်ဖြန်နံနက်ဥပုသ်ကိုစောင့်သုံးပြီးညချမ်းအခါ
ဘုရားကျောင်းတော်သို့သွား၍တရားတော်ကို
နာယူပြီးပြန်လာခဲ့လျှင်ပေးမည် " ဟုပြောဆို၏။
၊ ကာလသူဌေးသားသည်ဖခင်၏ဝန်ခံချက်အရ
ဥပုသ်ကိုယူ၍ကျောင်းတော်သို့သွား၏။
တရားတော်ကိုမနာပဲသင့်ရာချောင်တွင်အိပ်ခါနံနက်
စောစောမှကျောင်းတော်ကထ၍အိမ်သို့ပြန်၏။
ဥပုသ်ထွက်လာသောသားအားဆာမည်အထင်နှင့်
ယာဂုကိုပြင်စေပြီးကျွေး၏။သူဌေးသားက" အသပြာ
မရသေးလျှင်မစား " ဟုဆိုသဖြင့်အသပြာ
တထောင်ထုပ်ကိုပေးလိုက်မှယာဂုကိုသောက်
ကာအပေါင်းအသင်းများရှိရာသို့သွားပြန်လေ၏။
၊ ဤငွေတထောင်ကုန်ပြန်လျှင်ကာလသူဌေး
သားမှာနောက်ထပ်ငွေရရန်မကြံဖန်နိုင်သဖြင့်
မှိုင်တွေနေပြန်၏။အနာထပိဏ်သူဌေးကြီးက
အချက်ပေါ်ခိုက်ငွေနှင့်မျှား၍သားကိုပြောပြန်၏။
" ကျောင်းတော်သို့သွားပြီးဘုရားသခင်ထံမှ
တရားတပုဒ်တဂါထာကိုကျက်မှတ်၍လာခဲ့ပါ၊
ဤတဂါထာရလျှင်အသပြာတထောင်ပေးမည် "
ဟုပြောပြန်၏။
အသပြာမက်၍တရားနာသူ
၊ သူဌေးသားကာလသည်ကျောင်းတော်သို့
သွားပြီးဘုရားရှင်အား " တရားတပုဒ်တဂါထာ
သင်ကြားပေးပါဘုရား" ဟုလျှောက်ထား၏။
ဘုရားသခင်ကဂါထာတော်ကိုသင်ကြားပေးပြီး
သူဌေးသားမမှတ်မိစေရန်ဓိဌာန်ပြု၏။သူဌေးသား
လည်းမမှတ်မိ၍နောက်ထပ်တပုဒ်သင်ကြားပေးပါ
ရန်လျှောက်ထားပြန်၏။နောက်ထပ်ဂါထာသင်ပြန်
ပါသော်လည်းမမှတ်မိသည့်အတွက်ကြောင့်
တဂါထာပြောင်း၍သင်ကြားပေးပါရန်ထပ်မံ
လျှောက်ထားပြန်၏။
၊ သင်ကြားတတ်မြောက်ရန်ရည်ရွယ်ချက်ဖြင့်
တရားတော်ကိုနာကြားရာတွင်ခါတိုင်းနှင့်မတူ
သဘောပေါက်ပြီးမှတ်မိစေရန်ရိုသေစွာအာရုံစိုက်၍
နာကြားခြင်းဇြစ်သဖြင့်ဂါထာတော်များကိုမမှတ်မိ
နိုင်သော်လည်းနှလုံးသားတွင်ထင်ဟပ်၍တိတိပပ
သဘောပေါက်ကာတရားတော်အပေါ်၌ကြည်ညို
သဒ္ဓါပွားများလာနိုင်သည့်အလျောက် ကာလသတို့
သားမှာ သင်ယူရင်းသင်ယူရင်းတရားတော်၏
အနှစ်ကိုတိတိပပသိမြင်လာရပြီးသောတာပတ္တိဖိုလ်
တည်လေ၏။
တရားရလာ၊အသပြာမမက်
၊ နံနက်မိုးသောက်အလင်းရောက်သည့်အခါ
ဘုရားအမှူးရှိသောရဟန်းတော်တို့နှင့်အတူ
သာဝတ္ထိပြည်သို့ဝင်၏။သူဌေးကြီးသည်သားကို
မြင်လျှင် " ယနေ့သား၏အသွင်အပြင်သည်
နှစ်သက်ဖွယ်ရာရှိပါပေစွ " ဟုထင်မြင်၍်လာပေ၏။
ဘုရားသခင်နှင့်သံယာတော်တို့အားယာဂုဆွမ်းကို
ကပ်လှူ၍သားအားလည်းယာဂုကိုပေးစေ၏။
၊ ကာလသူဌေးသားသည်ယာဂုကိုသောက်နေစဉ်
ဖခင်ကကြည့်၍စဉ်းစား၏။ယခင်တကြိမ်က
" အသပြာရမှယာဂုသောက်မည် " ဟုဆိုခဲ့၏။
ယခုတကြိမ်တွင်မူဤသို့မဆို၊ယာဂုကိုသာအရင်
သောက်၏။ဟုအသပြာတထောင်ထုပ်ကိုယူစေ၍
သား၏ရှေ့၌ချပေး၏။သားကရှက်သောကြောင့်
" အသပြာကိုအလိုမရှိပါ "ဟုငြင်း ပယ်၏။
ဖခင်ကအတင်းပေးသော်လည်းမယူပဲနေလေ၏။
စကြာဝတေးစည်းစိမ်ထက်မြတ်သောအရာ
၊ မြတ်စွာဘုရားသခင်သည်သားအဖတို့၏
အပြုအမူကိုမြင်၍မေးတော်မူသော်ကျောင်းတော်
သို့သွားလျှင်အသပြာတထောင်ပေးမည်ဟုပြောဆို
သောကတိအကြောင်းကိုလျှောက်ထားရာမြတ်စွာ
ဘုရားသခင်က-
" ဒါယကာသူဌေးကြီး....ယနေ့အသင်၏သားအား
စကြာဝတေးမင်း၏စည်းစိမ်ချမ်းသာထက်၎င်း၊
နတ်မင်းဗြဟ္မာမင်းတို့၏စည်းစိမ်ချမ်းသာထက်၎င်း၊
လွန်ကဲထူးမြတ်သော သောတာပတ္တိဖိုလ်သို့
ရောက်အပ်ပေပြီ " ဟုမိန့်တော်မူပြီးအောက်ပါ
ဒေသနာတော်ကိုဟောတော်မူလေ၏။
----------------------------------------------
(၁၇၈)မြေပြင်တစ်ခွင်လုံး၌
ဧကရာဇ်မင်းဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ဗြဟ္မာ့ပြည်သို့
လားရောက်ရသည်ထက်၎င်း၊
အလုံးစုံသောလောကကို
အစိုးရသည်ထက်၎င်း၊
သောတာပတ္တိဖိုလ်ကိုရခြင်းသည်
ပို၍မြတ်၏။
----------------------------------------------
ဓမ္မပဒ၊လောကဝဂ်၊
အနာထပိဏ္ဍိကဿပုတ္တကာလဝတ္ထု

No comments:

Post a Comment