Sunday, December 6, 2015

ရဟန္တာတို့ပျော်မွေ့ရာ

အရှင်သာရိပုတ္တရာ၏မယ်တော်သာရီပုဏ္ဏေးမကြီး
သည်များစွာသောပစ္စည်းဥစ္စာသားသမီးရတနာတို့
ထွန်းကားသည်မှန်သော်လည်းသားတော်အကြီး
ရှင်သာရိပုတ္တရာမှအစနှမတော်စာလာ၊ဥပစာလာ၊
သီသူပစာလာ၊ညီအစ်မသုံးယောက်နှင့်စုန္ဒ ၊ဥပသေန
ညီတော်နှစ်ယောက်ဤသို့အားဖြင့်(ခြောက်ယောက်
သောသားသမီးတို့သည်)ဂေါတမဘုရားရှင်၏သာသနာ
တော်တွင်ထင်ရှားကျော်ကြားကြသောရဟန္တာ၊
ရဟန္တာမကြီးများဖြစ်ကြသော်လည်းသာရီပုဏ္ဏေးမ
ကြီးသည်ကားဗြဟ္မာမင်းကိုသာကိုးကွယ်ရာဟု
အစဉ်အလာစွဲဒိဋ္ဌိစွဲမပြုတ်ရှာသေးသည့်အလျောက်
သားအထွေးဆုံး " ရေဝတ "တယောက်အရွယ်ရောက်
ပါကဂေါတမဘုရားထံမှောက်ရောက်လေမည်ကို
စိတ်တထင့်ထင့်ရင်တနင့်နင့်နှင့်ဖြစ်နေရလေ၏။
၊ ရှင်သာရိပုတ္တရာမထေရ်ကလည်းညီအထွေးဆုံး
" ရေဝတ "သည်မုချပင်သာသနာတွင်းသို့သက်ဆင်း
ရောက်ရှိလိမ့်မည်ကိုသိရှိသည့်အလျောက် ရဟန်း
အပေါင်းတို့အားမှာကြား၍ထားသည်မှာ " ငါ၏မိဘ
တို့သည်ဒိဋ္ဌိများဖြစ်ကြသည်။ရေဝတ သတို့သား
ရောက်လာ၍ရဟန်းပြုပေးပါဟုဆိုလာလျှင်မိဘတို့
ထံခွင့်ပန်ရမလို၊ငါသာလျှင်အမိ၊ငါသာလျှင်အဖဖြစ်
ပေသည်၊ရှင်ရဟန်းပြု၍ ပေးနိုင်ကြသည် " ဟုကြို
တင်၍မှာထားခဲ့သည်။
ခုနစ်နှစ်သားသတို့သား
၊ သာရီပုဏ္ဏေးမကြီးသည်သားငယ် ရေဝတ ကို
စိတ်ချရလေအောင်စောစီးစွာမင်္ဂလာဆောင်နှင်းထား
လျှင်သင့်ပေမည်ဟုအရပ်တစ်ပါးမှမျိုးနွယ်တူသော
ချမ်းသာကြွယ်ဝသည့်သတို့သမီးတယောက်ကိုရှာဖွေ
စေ့စပ်ထိမ်းမြားပေးရန်စီစဉ်ထားလေသည်။မင်္ဂလာ
နေ့တွင်သတို့သမီးရှိရာမြို့ရွာသို့သတို့သားရေဝတ
နှင့်ဆွေမျိုးအများလှည်းရထားတို့ဖြင့်သွားရောက်ကာ
မင်္ဂလာပွဲခြိမ့်ခြိမ့်သည်းမျှကျင်းပကြလေသည်။
၊ လက်ထပ်မင်္ဂလာပြီးစီးသောအခါပုဏ္ဏးတို့ဘာဝ
အသက်အကြီးဆုံးပုဂ္ဂိုလ်ကိုကန်တော့ကြရာတွင်
သတို့သမီး၏အဘွားအသက်တရာ့နှစ်ဆယ်ရှည်သော
ပုဏ္ဏးမကြီးကိုကန်တော့ကြ၏။သွားကျိုးဆံဖြူအရေ
ရှုံ့တွအရိုးများငေါထလျက်ရှိသောတုန်တုန်ချိချိ
အဘွားအိုကိုရေဝတတွေ့မြင်ရလျှင်တုန်လှုပ်သော
စိတ်သည်ဖြစ်လေ၏။မင်္ဂလာအကြီးအကဲတို့က
" ဤသတို့သမီးသတို့သားတို့သည်ဤအဘွား
ကဲ့သို့ပင်အသက်တရာ့နှစ်ဆယ်မျှရှည်လျားစွာ
ပေါင်းဖက်နိုင်ကြစေသတည်း " ဟုဆုမြတ်အမွန်ကို
ပေးသည့်ကာလသတို့သား ရေဝတ က....
"ဤသတို့သမီးသည်ပင်ဤသို့အသက်ရှည်ပါက
ဤအဘွားကဲ့သို့ပင်ဖြစ်လာမည်လော "ဟုအနီးရှိ
အဆွေအမျိုးတို့အားမေးမြန်းကြည့်မိ၏။
"အိုမင်းလာလျှင်ဤသို့ပင်ဖြစ်ရမည်မှာလောက၏
ဓမ္မတာ " ဟုရိုးသားစွာဖြေကြားကြ၏။
၊ ရေဝတသတို့သားမှာဇရာ၏ဘေးပြေး၍မြင်လျက်
" ဤသို့ဆိုလျှင်ဤလူ့ဘောင်သည်အဘယ့်မှာ
ပျော်မွေ့ဖွယ်ရာရှိတော့မည်နည်း " ဟုဆင်ခြင်စဉ်းစား
မိကာဤလူ့ဘောင်မှရုန်း၍ထွက်တော့အံ့ဟုဆုံးဖြတ်
ချက်ချမိလေ၏။
၊ မင်္ဂလာပွဲပြီးစီး၍သတို့သမီးကိုသတို့သားအိမ်သို့
ခေါ်ဆောင်၍လာကြရာသတို့သားနှင့်သတို့သမီးတို့
အတွက်ခမ်းနားထယ်ဝါသောယာဉ်ကိုလုံခြုံအောင်
တန်ဆာဆင်၍သတို့သားနှင့်သတို့သမီးနှစ်ယောက်
တည်းသာစီးစေပြီးအဆွေအမျိုးတို့ကအခြားခြားသော
ယာဉ်ရထားများဖြင့်ဝန်းရံ၍ခမ်းနားသိုက်မြိုက်စွာ
ပြန်လာကြလေသတည်း။
၊ ခရီးအတန်ငယ်ရောက်လျှင်သတို့သားကလှည်း
ယာဉ်ရပ်စေပြီး " ကိုယ်လက်သုတ်သင်ပါအံ့သွားနှင့်
ကြပါလိုက်ခဲ့ပါမည် " ဟုချုံကွယ်ရာတခုသို့ဝင်ပြီး
အတန်ကြာလျှင်ပြန်ထွက်လာ၍လှည်းယာဉ်သာကို
အမှီလိုက်ကာတက်စီး၍လာပြန်သည်။
၊ အတန်ကြာသော်ထိုနည်းအတူလှည်းယာဉ်ပေါ်မှ
ဆင်းကာ ကိုယ်လက်သုတ်သင်ရန် ဟန်ဖြင့်ချုံကွယ်
သို့ဝင်၍ကျန်ခဲ့ပြန်၏။
၊ အကြိမ်အကြိမ်အဖန်ဖန်ဤသို့လုပ်ဖန်များလေသော်
အစောင့်အရှောက်တို့မှာအမြင်အတွေ့ပင်ရိုး၍
နေလေတော့သည်။
၊ နောက်ဆုံးအကြိမ်၌ကားရေဝတသတို့သားသည်
ချုံကွယ်သို့ဝင်ဟန်ပြုပြီးမျက်ခြည်ပြတ်အောင်
တောတောင်လျှိုမြောင်အကြားတအားပင်
ထွက်ပြေးတော့သည်။
၊ အဆွေအမျိုးများကားမကြာမီပင်အခါတိုင်းကဲ့သို့
လိုက်လာလိမ့်မည်ဟု စိတ်ချယုံကြည်စွာခရီးကို
ဆက်၍နှင်သွားကြလေသည်။
သာမဏေပြုပေးခြင်း
၊ အတန်ငယ်ပြေးလွှားသွားမိလေလျှင် တခုသော
ကျောင်းသင်္ခမ်းကိုမြင်ရ၍ရဟန်းတော်တို့အား ရှင်
သာမဏေပြုပေးပါရန်တောင်းပန်လျှောက်ထား၏။
အဖိုးတန်ရတနာများဆင်ယင်ထားသဖြင့်မင်းညီ
မင်းသားသူဋ္ဌေးသူကြွယ်သားဟုခန့်မှန်း၍မိဘတို့၏
ခွင့်ပြုချက်မရလျှင်ရဟန်းပြုပေးခွင့်မရှိဟုရဟန်း
တော်တို့ကငြင်းပယ်လေလျှင်အရှင်သာရိပုတ္တရာ၏
ညီငယ်ဖြစ်ကြောင်းပြောဆိုလေမှရှေးယခင်က
အမှာစကားအရ ရဟန်းပြုပေးကြပြီးရှင်သာရိပုတ္တရာ
အားအကြောင်းကြား၏။
ရှားတော၌သီတင်းသုံးခြင်း
၊ သာရိပုတ္တရာထေရ်သည်ထိုသတင်းစကားကို
ကြားရ၍ရေဝတထံကြည့်ရူရန်သွားပါမည်ဟု
ဘုရားသခင်အားလျှောက်ထားလေလျှင် " ချစ်သား
သာရိပုတ္တရာ၊သည်းခံဦးလော"့ဟုခွင့်ပြုတော်မမူပေ။
၊ နှစ်ရက်သုံးရက်အကြာထပ်မံ၍လျှောက်ထားပြန်
သောအခါလည်းခွင့်ပြုတော်မမူပဲ၊
" ချစ်သားသာရိပုတ္တရာ၊သည်းခံဦးလော၊ငါဘုရား
သည်ပင်ထိုအရပ်ကိုလိုက်ပါအံ့ "ဟုမိန့်ကြားတော်
မူပြီးသွားရန်ကိုအခွင့်ပေးတော်မမူ။
၊ သာမဏေရေဝတသည်လည်းဤအရပ်၌
ဆက်လက်နေခဲ့သော်အဆွေအမျိုးတို့လိုက်ရှာရာမှ
တွေ့ရှိသွားလိမ့်မည်ဟုစဉ်းစား၍ကမ္မဋ္ဌာန်းတရားကို
သင်ယူပြီးသပိတ်သင်္ကန်းကိုလွယ်ကာထိုအရပ်မှ
ယူဇနာသုံးဆယ်ဝေးသောရှားတောသို့ဝင်လေ၏။
ဝါတွင်းသုံးလအတွင်း၌ပင်ပဋိသမ္ဘိဒါတို့နှင့်တကွ
အရဟတ္တဖိုလ်သို့ရောက်လေ၏။
ဘုရားသခင်ကြွတော်မူခြင်း
၊ ဝါကျွတ်လျှင်ပဝါရဏာပြုပြီးသော်ရှင်သာရိပုတ္တရာ
သည်မြတ်စွာဘုရားထံခွင့်တောင်း၏။ဘုရားသခင်
က" ငါတို့လည်းသွားပေအံ့ "ဟုမိန့်တော်မူ၍ငါးရာ
သောရဟန်းတို့နှင့်အတူကြွတော်မူ၏
၊ ရှင်ရေဝတသည်မြတ်စွာဘုရားကြွလာတော်မူ
သည်ကိုသိ၍မြေအပြင်ကိုပြန့်ပြူးစေပြီးဂန္ဓကုဋီကို
ဘုရားသခင်အတွက်ဖန်ဆင်း၏၊ကျောင်းငါးရာကို
လည်းကောင်း၊စင်္ကြံငါးရာကိုလည်းကောင်း၊
ညဥ့်သန့်နေ့သန့်နေရာတို့ကိုလည်းကောင်း
ဖန်ဆင်း၍ထား၏။ဘုရားသခင်သည်ရှင်ရေဝတထံ၌
တလမျှသီတင်းသုံးတော်မူ၏။
ရဟန်းကြီးနှစ်ပါး၏စိတ်အကြံ
၊ ထိုရဟန်းငါးရာတို့တွင်အသက်ကြီးမှရဟန်းပြုသော
ရဟန်းကြီးနှစ်ပါးပါလာ၏။ထိုရဟန်းကြီးနှစ်ပါးက
ရှင်ရေဝတဖန်ဆင်းအပ်သောကျောင်းပရိဝုဏ်သို့
ဝင်မိလျှင်"ဤမျှသာယာတင့်တယ်ချမ်းမြေ့ဖွယ်သော
ကျောင်း၌နေသောပုဂ္ဂိုလ်အားအဘယ်မှာလျှင်
တရားကိုကောင်းစွာအားထုတ်နိုင်ပါမည်နည်း။
ဘုရားသခင်က ရှင်သာရိပုတ္တရာ၏ ညီဖြစ်၍မျက်နှာ
လိုက်ပြီးကြွလာတော်မူပေသည် " ဟုဆိုကြကုန်၏။
၊ မြတ်စွာဘုရားသခင်သည်ဤရဟန်းကြီးနှစ်ပါး၏
စိတ်အကြံကိုသိတော်မူ၏၊ တောကျောင်း၌တလမျှ
သီတင်းသုံးပြီးပြန်ကြွတော်မူသောနေ့၌အဓိဌာန်
တော်မူသဖြင့်ရဟန်းကြီးနှစ်ပါးတို့သည်မိမိတို့၏
ရေဗူး၊ဖိနပ်တို့ကိုမေ့လျော့ကျန်ရစ်ခဲ့၏။ကျောင်း
ဥပစာကိုလွန်မြောက်မှဓိဌာန်တော်မူအပ်သော
တန်ခိုးတော်ကိုဖြေဖျောက်တော်မူပေ၏၊ထိုအခါမှ
ရဟန်းကြီးနှစ်ပါးတို့သည်မိမိတို့ကျန်ရစ်ခဲ့သော
ပစ္စည်းများကိုသတိရ၍ယူရန်ပြန်သွားကြသော်၊
ကျောင်းနေရာကိုမမှတ်မိသောကြောင့်ရှားငုတ်
သစ်ငုတ်တို့စူးသည်ကိုခံရပြီး၊တခုသောရှားပင်၌
တွဲလဲဆွဲထားသောမိမိတို့၏ပစ္စည်းများကိုတွေ့မြင်ရ
သဖြင့်ယူငင်၍ပုပ္ဖာရုံကျောင်းတော်သို့အစဉ်တစိုက်
ကြွသွားကြကုန်၏။
ဝိသာခါ၏လျှောက်ထားချက်
၊ နောက်တနေ့စောစောတွင်ရဟန်းကြီးနှစ်ပါး
တို့သည်သံယာတော်တို့အားအစဉ်မပြတ်ပင့်လျှောက်
ထားအပ်သောဝိသာခါဒါယိကာမအိမ်သို့ကြွ၍
ယာဂုဆွမ်းဘုဉ်းပေးပြီးထိုင်နေကြကုန်၏။
၊ ထိုအခါဝိသာခါဒါယိကာမကြီးက " အရှင်ဘုရားတို့
အရှင်ရေဝတ၏သီတင်းသုံးရာဌာနသည်မွေ့လျော်
ဖွယ်ရာကောင်းပါ၏လော " ဟုမေးလျှောက်၏။
" ဒါယိကာမကြီး။ထိုတောကျောင်းသည်အလွန်ပင်
မနှစ်သက်စရာပြိတ္တာတို့နေရာနှင့်သာတူလေသည်၊
ရှားဆူးငုတ်သက်သက်တို့ဖြင့်ရှုပ်ထွေးလှသောနေရာ
ဌာနပေတည်း " ဟုမိန့်ကြား၍ကြွသွားတော်မူ၏။
၊ ထိုနောက်ရဟန်းငယ်နှစ်ပါးရောက်လာပြန်လျှင်
ဝိသာခါဒါယိကာမကြီးသည်ယာဂုဆွမ်းတို့ကိုကပ်လှူ
ပြီးနောက်မေးလျှောက်ကြည့်ပြန်၏။ထိုရဟန်းငယ်
နှစ်ပါးတို့က...
" ဒါယိကာမကြီး။။အရှင်ရေဝတသီတင်းသုံးရာ
နေရာဌာနသည်ကားချီးမွမ်းပြောပြဖွယ်ရာပင်
မရှိအောင်တင့်တယ်လှပေ၏၊တန်ခိုးကြီးသော
နတ်များကဖန်ဆင်းထားသလားပင်ထင်ရပေ၏ "
ဟုပြောကြား၍ကြွသွားကြကုန်၏။
၊ ဤသို့ရဟန်းကြီးရဟန်းငယ်တို့သည်အတူတကွ
ကြွသွားကြပါလျက်စကားမတူကွဲပြားခြားနားသည့်
အကြောင်းရင်းကိုဝိသာခါဒါယိကာမကြီးသည်
မိမိ၏ဉာဏ်ဖြင့်အမှန်ကိုစဉ်းစားမိသော်လည်း
မြတ်စွာဘုရားသခင်ကြွလာမှလျှောက်ထားအံ့ဟု
လမ်းခရီးကိုငံ့မျှော်စောင့်ဆိုင်း၍နေ၏။
၊ မကြာမီပင်ဘုရားသခင်သည်သံယာတော်အပေါင်း
ခြံရံလျက်ကြွလာ၏။ယာဂုဆွမ်းတို့ကိုကပ်လှုပြီး
နောက်ဘုရားသခင်အားအရှင်ရေဝတ၏နေရာဌာန
နှစ်မျိုးနှစ်စားစကားကွဲပြားသည်ကိုလျှောက်ထား
မေးမြန်း၏။
၊ မြတ်စွာဘုရားသည်ဝိသာခါလျှောက်ထားသော
စကားကိုကြားသိတော်မူ၍တရားဟောကြားတော်မူ
လိုသဖြင့်
-------------------------------------------
(၉၈)ရွာမှာဖြစ်စေ၊တောမှာဖြစ်စေ၊
ချိုင့်ဝှမ်းရာနိမ့်ရာအရပ်မှာဖြစ်စေ၊
မြင့်သောကုန်းအရပ်မှာဖြစ်စေ၊
ရဟန္တာပုဂ္ဂိုလ်တို့နေသောအရပ်သည်
နှစ်သက်မွေ့လျော်ဖွယ်ရှိ၏။
------------------------------------------
ဒေသနာတော်အဆုံး၌ များစွာသောလူတို့သည်
သောတာပတ္တိဖိုလ်စသည်တို့သို့ရောက်ကုန်၏။
ဓမ္မပဒ၊အရဟန္တဝဂ်၊ခဒိရ ရေဝတတ္ထေရဝတ္ထု

No comments:

Post a Comment