Sunday, December 6, 2015

တရားတော်ကိုသင်ယူရခြင်း၏ရည်ရွယ်ချက်

တရားတော်ကိုကောင်းစွာမသင်ယူသူ
၊ ရဟန်းတို့၊မြွေကိုအလိုရှိ၍မြွေကိုရှာသော
ယောက်ျားသည်မြွေတစ်ကောင်ကိုတွေ့လျှင်မြွေ၏
ကိုယ်ကိုဖြစ်စေ၊အမြီးကိုဖြစ်စေကိုင်ဖမ်းရာ၏။ထိုအခါ
မြွေသည်ဦးခေါင်းဖြင့်လှည့်၍ထိုယောက်ျားကိုကိုက်လေ
ရာ၏။ထိုသို့ကိုက်သဖြင့်ထိုယောက်ျားသည်သေခြင်း၊
သို့မဟုတ်သေလောက်သောဆင်းရဲခြင်းသို့ရောက်လေ
ရာ၏။ထိုသို့ဖြစ်ရခြင်းမှာမြွေကိုကောင်းစွာမကိုင်သော
ကြောင့်ဖြစ်၏။
၊ ရဟန်းတို့၊ထိုနည်းတူ၊ဤသာသနာ၌အချည်းနှီး
သောယောက်ျားသည်တရားကိုသင်ယူပြီး ထိုတရား၏
အနက်ကို(ဘာဝနာမယ)ဉာဏ်ဖြင့်ဆင်ခြင်ခြင်းမပြုကုန်။
(ဘာဝနာမယ)ဉာဏ်ဖြင့်ဆင်ခြင်ခြင်းမပြုသဖြင့်ထိုတရား
တို့အားစေ့စေ့စပ်စပ်မသုံးသပ်နိုင်ကုန်။ထိုသူတို့သည်
သူတပါးတို့အားရှုတ်ချလိုသည်ဖြစ်၍၄င်း၊သူတပါးတို့၏
ကဲ့ရဲ့ခြင်းမှလွတ်မြောက်လိုသည်ဖြစ်၍၄င်း၊တရားကို
သင်ယူကြကုန်၏။တရားကိုသင်ယူခြင်း၏ရည်ရွယ်ရင်း
ဖြစ်သောမဂ်ဖိုလ်အကျိုးကိုမခံစားကြရကုန်။စင်စစ်
တရားသည်ထိုသူတို့အားအကျိုးပျက်ပြားဆင်းရဲပွါးရန်သာ
ဖြစ်လေသည်။ဤသည်မှာတရားကိုကောင်းစွာမသင်ယူ
သောကြောင့်ဖြစ်လေသည်။
တရားတော်ကိုကောင်းစွာသင်ယူသူ
၊ ရဟန်းတို့၊မြွေကိုအလိုရှိ၍မြွေကိုရှာသော
ယောက်ျားသည်မြွေတစ်ကောင်ကိုတွေ့လျှင်ခွဖြင့်
ကောင်းစွာဖိနှိပ်၍လည်ပင်း၌ကိုင်ဖမ်းရာ၏။မြွေသည်
သူ၏ကိုယ်ဖြင့်ရစ်ပတ်စေကာမူထိုယောက်ျားသည်
သေခြင်းသို့မဟုတ်သေလောက်သောဆင်းရဲခြင်းသို့
မရောက်နိုင်ချေ။အကြောင်းမှာမြွေကိုကောင်းစွာ
ဖမ်းကိုင်သောကြောင့်ဖြစ်၏။
၊ ရဟန်းတို့၊ထိုနည်းတူ၊ဤသာသနာ၌အမျိုးကောင်း
တို့သည်တရားကိုသင်ယူပြီးထိုတရား၏အနက်ကို
(ဘာဝနာမယ)ဉာဏ်ဖြင့်ဆင်ခြင်ကြကုန်၏။(ဘာဝနာမယ)
ဉာဏ်ဖြင့်ဆင်ခြင်သောအမျိုးကောင်းသားတို့သည်
တရားကိုစေ့စေ့စပ်စပ်သုံးသပ်နိုင်ကုန်၏။ထိုအမျိုးကောင်း
သားတို့သည်သူတစ်ပါးတို့အားရှုတ်ချလို၍တရားကို
သင်ယူကြသည်မဟုတ်။သူတစ်ပါးတို့၏ကဲ့ရဲ့စွပ်စွဲခြင်းမှ
လွတ်မြောက်လို၍တရားကိုသင်ယူကြသည်မဟုတ်။
ရည်ရွယ်ရင်းဖြစ်သောမဂ်ဖိုလ်အကျိုးကိုခံစားကြရကုန်၏။
တရားသည်ထိုသူတို့အားရှည်မြင့်စွာအကျိုးစီပွါးတိုးတက်
ခြင်းငှါဖြစ်ပေသည်။အကြောင်းမှာတရားကိုကောင်းစွာ
သင်ယူသောကြောင့်ဖြစ်ပေသည်။
အသုံးချရမှာလား၊သိမ်းပိုက်ရမှာလား
၊ ရဟန်းတို့၊ငါသည်ဖောင်ဥပမာတရားကိုဟောကြား
ပေအံ့။နာယူကြကုန်လော့။--ဥပမာကား---
ခရီးရှည်သွားသောယောက်ျားတစ်ယောက်သည်လမ်း
ခရီး၌အပြောကျယ်သောရေပင်လယ်ကြီးတစ်ခုကိုတွေ့
မြင်ရာ၏။ထိုပင်လယ်ကြီး၏ဤမှာဘက်ကမ်းသည်
ထိတ်လန့်ကြောက်ရွံ့ဖွယ်ဘေးအန္တရာယ်ထူပြောပြီး
အခြားတစ်ဖက်ကမ်းသည်ဘေးအန္တရာယ်ကင်းဝေး
အေးချမ်းသာယာသည်ဖြစ်ရာ၏။သို့သော်ဟိုဘက်ကမ်း
သို့ကူးရန်လှေလည်းမရှိ။တံတားလည်းမရှိချေ။ခရီးသွား
ယောက်ျားသည်အနီးအနားရှိသစ်ပင်များကိုစုဆောင်း၍
ဖောင်ဖွဲ့ပြီးဟိုဘက်ကမ်းသို့သွားလေရာ၏။ဟိုဘက်ကမ်း
သို့ရောက်သောအခါဤဖောင်ကားငါ့အားကျေးဇူးများ၏
ဟုကြံ၍ထိုဖောင်ကိုပခုံးဖြင့်ထမ်းဆောင်သွားသော်
ပြုသင့်ပြုထိုက်သောကိစ္စကိုပြုသည်မမည်။စင်စစ်
ထိုဖောင်ကိုကုန်းပေါ်သို့တင်၍ဖြစ်စေရေထဲ၌မျှောခဲ့၍
ဖြစ်စေလိုရာသို့ဆက်လက်သွားခြင်းသည်သာလျှင်
ပြုသင့်ပြုထိုက်သောကိစ္စကိုပြုသည်မည်ပေ၏။
၊ ရဟန်းတို့၊ထို့အတူ-ငါသည်ဆင်းရဲမှထွက်မြောက်
ရန်အလို့ငှါဖောင်ဥပမာတရားကိုဟောကြားအပ်၏။
စွဲယူရန်အလို့ငှါဟောကြားအပ်သည်မဟုတ်။
-----------------------------------------------
မဇ္ဈိမနိကာယ်၊မူလပဏ္ဏာသ၊
အလဂဒ္ဒူပမသုတ်။ကောက်နှုတ်ချက်။
ငြိမ်းဝေသူ

No comments:

Post a Comment