Sunday, December 6, 2015
အိပ်ရေးပျက်ခဲ့သောည (သို့မဟုတ်) 144 နှင့် တစ်ညတာ
          အိပ်မပျော်သောသူအား
          ညတာသည် ရှည်လျား၏
          ခရီးပန်းသော သူအား
          တစ်ယူဇနာခရီးသည်
          ရှည်လျားလွန်းလှ၏
          သူတော်ကောင်းတရားတို့ကို
          မသိသော လူမိုက်တို့အား
          သံသရာသည် ရှည်လျား၏
          ထိုကဲ့သို့ ဗုဒ္ဓဟောကြားတော်မူခဲ့သည်ကို ဓမ္မပဒတွင် မှတ်သားခဲ့ရပါသည်။
ယခုမှာမူ ညကြီးအချိန်မတော် အိပ်မောကျနေချိန်၌ ဖုန်းဝင်လာသည် ထို့နောက် “ Sorry နော်” ဟူ၍သာ။
မည်သူ့ကို အပြစ်တင်ရမည်နည်း။ သို့တည်းမဟုတ် ဖုန်းကို Power မပိတ်ပဲ အိပ်မိရှာသော မိမိကိုယ်ကိုသာ
အပြစ်တင်ရလေမည်လား။ မည်သို့ပင်ဖြစ်စေ တိတ်ဆိတ်မှုကို ပျက်စီးစေခဲ့သော ထိုအသံကြောင့် အိပ်ရာမှ
နိုးလာခဲ့သော စာရေးသူသည် ရေတစ်ခွက်အားသောက်ခြင်းဟူသော မထူးဇာတ်ကိုခင်းခဲ့ချေပြီ။ ပြန်အိပ်ရန်
ပြင်ဆင်လိုက်၏။ သို့သော် ပြန်အိပ်၍မရသောကြောင့် သူ့အလုပ်သူလုပ်နေသော တိုင်ကပ်နာရီအားကြည့်
လိုက်သည်။ ထိုအခိုက် ဘာမဆိုင်ညာမဆိုင် ၁ ဖာလုံလောက်က နာရီစင်က အသံနှစ်ချက် ထအော်လိုက်
သောကြောင့်, ည ၂ နာရီ တီးချေပြီ။ ခြင်ထောင်ထဲ ၀င်အပြီး ကပ်၍ပါလာသောအတွေးတစ်ခုသည်ကား
“ အော်...ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လေ’’ ဟု၊၊
          အဲ့ဒိညကပေါ့
          အိပ်မောကျနေတဲ့
          မျက်လုံးတစ်စုံက
          ရေတစ်ခွက်ကို
          မက်မက်မောမော
          ခုံမင်ခဲ့ဘူးရဲ့.......
          ပျိုးချိန်မရလိုက်တဲ့
          အတွေးဗလပွကို
          ခေါင်းပြန်အုံးရင်း....
          ၁၉၇၇ ခုနှစ်ရဲ့
          နောက်ဆုံးပုံရိပ်
          ၇၅ ကျပ်တန်တွေရဲ့
          အကျည်းတန် ဈာပနမှာ
          ကြေကွဲစွာ ငိုကြွေးရင်း
          ဒုက္ခတွေ ပိုသီပက်သီနဲ့
          မြန်မာပြည်သူတွေရဲ့
          မီးတောက်ကြီးကို.......
          Sorry ပါရန်ကုန်
          ငါတို့ရာသီမှာ
          မဖူးပွင့်နိုင်တဲ့
          အင်းလျားရဲ့ကန်ဘောင်မှာ
          ခုဆို
          လွတ်လပ်မှုကိုခုံမင်တတ်တဲ့
          အနာဂတ်ကောင်လေးတွေ
          အနာဂတ်ကောင်မလေးတွေ
          ဟိုတွေး ဒီတွေး, ကြားဖူးနားဝ အစုံအလင်တွေး ရောက်ချင်ရာရောက် အတွေးတွေကို လက်စတုံးလိုက်
တာကတော့ ရန်ကုန် - မန္တလေး အမြန်ရထားကြီးရဲ့ ငယ်သံငယ်ရင်းပါအောင် စူးစူးဝါးဝါး ထအော်လိုက်တဲ့ ကာ
ရံမညီတဲ့ ဥသြသံကြီး။ တကယ်တော့ ၂၀၁၄ ခုနှစ်၊ ဂျူလိုင်လရဲ့ တစ်ခုသောမနက် ၄ နာရီခွဲအချိန်၊ အိပ်နေကျ
အိပ်ယာပေါ်က ခြင်ထောင်ထဲမှာပင်။ ၄နာရီခွဲကို ဘယ်လိုရောက်သွားလေသနည်း။ အိပ်မပျော်သောသူအား ည
တာသည်ရှည်လျားလွန်းလှ၏တဲ့။ စာရေးသူအဖို့ကား ညတာမရှည် တို၍နေ၏။ အဘယ့်ကြောင့်နည်းဟူမူကား
အိပ်ရေးမ၀သေးသောကြောင့်ပင်။
          အိပ်၍လည်းမရ ၄ နာရီကားခွဲချေပြီ။ ဒီအချိန်ဆို ဘုံလောင်းတိုးရန်သင့်တင့်သောအချိန်ကာလဟုမှတ်
ထင်မိသောကြောင့် ဘုံလောင်းတိုးရန်ပြင်ဆင်ရလေပြီ။ သင်္ကန်းရုံစဉ် သတိရလိုက်ပုံကား။
          “အဲ...144  တဲ့ဗျ
          အဲ့ဒါငါ့ရဲ့ မထော်မငန်း
မန္တလေးည တမ်းချင်း” ဟူ၍ အဆိုတော် အငဲ သီချင်းလိုလို အော်ရမလိုပင်။
ထိုနည်းဖြင့် မိုးလင်းခဲ့သော စာရေးသူသည်  ဆွမ်းခံအိမ်သို့ ၀မ်းတစ်ထွာအရေး လှမ်းကာပြေးရပေဦး
မည်။ ဤနေရာတွင် စာရေးသူဆွမ်းခံကြွရာ၌ နှလုံးသွင်းပုံလေးကို အလျင်းသင့်သဖြင့် အနည်းအကျဉ်းမျှဖော်
ပြရပေအံ့။
ကာရံဖြင့်မလိုက်သောနေ့ရက်တို့သည်လည်းရှိသည်။ တိုတောင်းသောနေ့ရက်အပိုင်းအခြား
တို့သည်လည်းရွေ့လျောစီးဆင်းသောမြစ်ငယ်များပမာ။ ထိုအခိုက် နေခြည်လာရာ တေးဆိုလာသော
နံနက်ခင်းသယ်သူငှက်ငယ်အချို့သည်ကား တောင်နံရံများရှိမြူခိုးများအား ထွင်းဖောက်ပြီး တေးဆိုကာ
တောတွင်းသို့ ၀မ်းစာရှာထွက်ခဲ့ပြီ။ ထိုသခိုက်သည်ကား အရုဏ်တက်၍ အလင်းဆောင်ချိန်တည်း။
နေမင်းသည် နေ့အခါ၌သာတင့်တယ်ပါပေ၏၊
လမင်းသည် ညဥ့်အခါ၌သာ တင့်တယ်ပါပေ၏၊
တိုင်းပြည်အုပ်ချုပ်ကြကုန်သော ပြည့်ရှင်မင်းတို့သည်
မင်းမြှောက်တန်ဆာတို့ဝတ်ဆင်မှသာ တင့်တယ်ပါပေ၏၊
ကိလေသာကိုအကြွင်းမဲ့ပယ်ပြီးသော ရဟန္တာအရှင်မြတ်တို့သည်
ဈာန်သမာပတ် ၀င်စားသောအခါမှသာတင့်တယ်ပါပေ၏၊
ဘုန်းခြောက်ပါးနှင့်ပြည့်စုံသော မြတ်စွာဘုရားရှင်တို့မည်သည်ကား
နေ့ရောညဥ့်ပါ ဘယ်ခါမလပ်အချိန်တိုင်းအခါတိုင်းတင့်တယ်တော်မူပါပေ၏၊၊
ဤသို့တင့်တယ် တကာခြင်းတို့ထက်တင့်တယ်တော်မူသော မြတ်စွားဘုရားအား အကျွန်ုပ်သည် ဦးခေါင်းညွှတ်လျှိုးမာန်ကိုချိုး၍ ကန်တော့ရိုးကျိုး ရှိခိုးခြင်းသည် စင်စစ်မသွေ ဖြစ်ပါစေသတည်း။        ။
ထို့နောက်……….
            (နမော တဿ ဘဂ၀တော အရဟတောသမ္မာ သမ္ဗုဒ္ဓဿ)
သုံးကြိမ်မျှ ဂုဏ်တော်များအား နှလုံးသွင်းဆင်ခြင်ပွားများပြီး ရွတ်ဆိုလိုက်ပါသည်။
   စာရေးသူ နှလုံးသွင်းနေကျ အာရုံပြုပြီး ကြည်ညိုနေကျ ဘုရားရှိခိုးပုံလေးပါ။ ဤနည်းအတိုင်းပင်
နံနက်ခင်းဆွမ်းခံကြွရင်း ဆွမ်းခံအိမ်မရောက်ခင်ထိ အထက်ပါဘုရားရှိခိုးလေးကို အထပ်ထပ်ပွါးများလိုက်တယ်
ဆိုရင်ပဲ ရင်ထဲမှာအအေးဓါတ်ကလေးတွေ ကူးဆက်လာသလို ခံစားရမြဲပါ။ တစ်မဂ်တစ်ဖိုလ် မဟုတ်ပေမဲ့ ခေတ္တ
တဒင်္ဂအားဖြင့်တော့ စိတ်ကိုချမ်းမြေ့စေပါတယ်။ ဘုရားရှိခိုးပြီး စိတ်ကလေးချမ်းမြေ့အေးချမ်းပြီးနေတဲ့အချိန်
စိတ်ကလေး ချမ်းမြေ့နေတုန်း ကိုယ့်ကိုယ်ကို မေတ္တာပို့ ပြီးတော့ မိဘဆရာ ဒကာဒကာမ ကိုယ့်ပတ်ဝန်းကျင်
က မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်အပေါင်းကို မေတ္တာပို့လိုက်တာ တစ်မနက်ခင်းလုံး စိတ်ကြည်လင်မှုအပြည့်အဝ
မဟုတ်တောင် တော်တော်ကိုရပါတယ်။ ကိုယ့်ရင်ထဲမှာ မေတ္တာဓါတ်ကလေးကိန်းအောင်းနေတယ်ဆိုရင်ပဲ
ဘာကိစ္စကိုပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ဆုံးဖြတ်လာနိုင်ပါတယ်။ အရာရာကိုအကောင်းမြင်ဝါဒနဲ့ ကြည့်ရှု
လိုစိတ်ဖြစ်လာတယ်။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်အဆင်ပြေပြေပြောဆိုဆက်ဆံပြီး ကိစ္စအ၀အ၀ကိုပြီးမြောက်စေတယ်။
ဒေါသဖြစ်အောင်လာလုပ်တဲ့သူကိုလဲ ဒေါသနဲ့တုန့်ပြန်မှုတွေမလုပ်တော့ပဲနဲ့ ခွင့်လွတ်နားလည်မှုတွေပေး
နိုင်လာတယ်။
          သို့သော် မေတ္တာပို့လွတ်ခြင်း၊ သူတပါးအပေါ်မေတ္တာထားခြင်းသည်ကား ကွက်ကြားမိုးရွာသလို
မလုပ်စကောင်း။  ဗုဒ္ဒ၀ံသ အဋ္ဌကထာ- ၁၃၇ ၌………
ရေသည် လူဆိုး လူကောင်းမရွေး
စင်ကြယ်အေးမြခြင်းကို
ထပ်တူညီမျှ ပြုသကဲ့သို့
မိမိအပေါ် အကျိုးပြုသူကိုဖြစ်စေ
အကျိုးမဲ့ကြောင်းပြုသူကိုဖြစ်စေ
မေတ္တာစိတ်ဓါတ်ကို ထပ်တူညီမျှ
ထားရှိနိုင်မှသာ ချမ်းသာရ၏၊၊
မေတ္တာစိတ်ကို အထက်ပါ အဆုံးအမအတိုင်း ထားနိုင်မှသာလျှင် သုခီအတ္တာနံ ဖြစ်နိုင်ပေလိမ့်မည်။
ရဟန်း ရှင် လူ စသည်တို့သည် သူ့ပတ်ဝန်းကျင်သူ့အသိုင်းများရှိနေမည်မှာမှန်ပေ၏။ ပတ်ဝန်းကျင်ရှိနေပါက
ပြဿနာအနည်းနှင့်အများ၊ ချစ်သူ မုန်းသူအနည်းနှင့်အများတော့ရှိနေမည်ပင်။ မိမိအားချစ်သောသူသည်ကား
မိမိအားဒုက္ခပေးလိမ့်မည်မဟုတ်ပေ။ သို့သော် မိမိအားမုန်းသောသူကား မိမိအားအနည်းဆုံး ကသိကအောက်
ဖြစ်အောင်လုပ်၍ အများဆုံးဒုက္ခရောက်အောင်လုပ်ပေလိမ့်မည်။ ထိုကဲ့သို့သောအခြေနေမျိုးများကိုလည်း ထို
သူတို့သည် အနည်းနှင့်အများတွေ့ကြုံရပေလိမ့်မည်။ ၄င်းကဲ့သို့တွေ့ကြုံလာပါက ခွန်းအားဖြစ်စေရန်၊ ရင်ဆိုင်
နိုင်ရန် ခွန်အားဖြစ်စေမည့်ဆေးသဖွယ်ဖြစ်သည့် ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ အဆုံးအမစာပိုဒ်ကို
ဖက်ရှုမှတ်သားပြီး နှလုံးသွင်းစဉ်ခြင်ပွားများထားပါက မိမိအားအလွယ်တကူဖြင့် ဒေါသသည်ကူးဆက်လာနိုင်
မည်မဟုတ်ပေ။ ထို့ပြင် သည်းခံတက်လာခြင်းနှင့် သည်းခံခြင်း၏အနှစ်သာရများကိုလက်တွေ့ခံစားရပေလိမ့်
မည်ဖြစ်ပါသည်။ ၄င်းစာပိုဒ်သည်မှာ အောက်ပါအတိုင်းပင် ဖြစ်ပါတော့သည်။
                   တောမီးသည် သစ်ရွက်ခြောက်ကို
                   လောင်လွယ်၏၊
                   သစ်ရွက်စိုကို မတတ်နိုင်။
                   မသူတော်မီးသည်
                   မေတ္တာခန်းသူကို လောင်လွယ်၏။
                   မေတ္တာဖျန်းသူကို မတတ်နိုင်။
                   နံ့သာတုံးသည် မီးရှို့သူကို
                   မကျွမ်းမချင်း အနံ့ဖြင့်မွှေးစေ၏။
                   သူတော်ကောင်းသည်
                   ညှဉ်းဆဲသူကိုသော်လည်း
                   မသေမချင်း အကျိုးဆောင်၏။
                   အကောင်းသည် အရူးနှင့်ပြိုင်၍
                   အ၀တ်မလစ်ကောင်း
                   သူတော်ကောင်းသည်
                   မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း
                   ကျားကြောက်၍ပြေးစဉ်
                   ခွေးဟောင်သည်ကို အရေးမယူရ
                   ငရဲကြောက်၍ သီလစောင့်စဉ်
                   မသူတော်ညှဉ်းသည်ကို အရေးမယူရ
                   ဒါနပြုသူကိုမှီ၍ ဒါနပါရမီပြည့်သည်
                   မသူတော်ကိုမှီ၍ သည်ခံလျှင်
                   ခန္တီပါရမီပြည့်သည်။
ဟူသည်တည်း။ မေတ္တာနှင့်စပ်ဆပ်သော ဆိုခဲ့မိသောကြောင့် အမရပူရ၊ ပထမ မဟာဂန္ဓာရုံဆရာတော်
ဘုရားကြီး၏ သြ၀ါဒကိုအမှတ်ရမိပါသည်။ ဤသည်ကား………..
မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသောကရုဏာနှင့် ချမ်းသာသောသူကိုမြင်၍ ၀မ်းမြောက်
သောမုဒိတာလည်း မဖြစ်နိုင်တော့ပါ။မိမိစိတ်ကိုသာ ကောင်းသည်ထက်ကောင်းအောင်ပြုပြင်ကြပါ။ အကျိုး
ဆောင်ခွင့်ကြုံလာလျှင် မိမိကိုမလိုလားသူ၏အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးလှစွာသော
မေတ္တာလက်နက်ကို အချက်ကျကျသုံးစွဲသင့်ပါသည်။ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။
မေတ္တာသည် ရေနှင့်တူ၏။ ဒေါသသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေပင်ဖြစ်သည်သာ။ မွေးမြူယူရသော
ကုသိုလ်တရားကိုယူနိုင်ကြပါစေ။မမွေးပဲ မွေးစမှယနေ့ အထိပါလာသော အကုသိုလ်တရားများအားပါးသည်
ထက် ပါးအောင်ပြုလုပ်ရမည့်တာဝန်အား မွေးရာပါတာဝန်တစ်ခုအနေနဲ့ စာဖတ်သူများအစဉ်တစ်စိုက်သိရှိ
နေမည်ဆိုခဲ့ပါလျှင် “ မဖြစ်နိုင်ပါဘူး”  နှင့် “ ဖြစ်နိုင်ပါတယ်” တို့တွင် မည်သည်ဘက်ကအနိုင်ရလေမည်နည်း
ဟု တွေးမိသည်။
          ကမ္ဘာအချမ်းသာဆုံး  စာရင်းတွင်ပါသော၊ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော    Microsoft
ကုမ္ပဏီ၏ CEO (Chief Executive Officer ) အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သော ဘီလ်ဂိတ်ပြောကြား
ခဲ့သော “ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ ခင်ဗျားအပြစ်မဟုတ်ဘူး ဒါပေမဲ့ ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားရင်တော့
ခင်ဗျား အပြစ်ပဲ” ဟူသောစကားသည် စာရေးသူအားသံဝေဂရစေပါသည်။ ဘယ်လိုသံဝေဂ ဖြစ်လေမလဲ
လို့ တွေးနိုင်စရာအကြောင်းရှိနိုင်ပါသည်။
“ကိလေသာတွေနဲ့ အတူမွေးဖွားလာခဲ့ခြင်းဟာ ခင်ဗျားအပြစ်မဟုတ်ဘူး။ သို့သော် အပါယ်ရောက်
စေနိုင်တဲ့ကိလေသာတွေနဲ့ နေ့ရက်တွေကိုကုန်ဆုံးစေပြီး သေဆုံးခဲ့မယ်ဆိုရင်တော့ ခင်ဗျားရဲ့ အပြစ်ပဲ” လို့
ဘီလ်ဂိတ်ရဲ့အဆိုအမိန့်ကို သံဝေဂယူလိုက်ရပါတော့သည်။
အိပ်မပျော်သောသူအား
          ညတာသည် ရှည်လျား၏
          ခရီးပန်းသော သူအား
          တစ်ယူဇနာခရီးသည်
          ရှည်လျားလွန်းလှ၏
          သူတော်ကောင်းတရားတို့ကို
          မသိသော လူမိုက်တို့အား
          သံသရာသည် ရှည်လျား၏
                                      ဓမ္မပဒ
          လောဘစသော ကိလေသာများအား အနိုင်ပိုင်းရန် သူတော်ကောင်းတရားများအား ကျင့်ကြံပွား
များနိုင်ကြပါစေဟု ဆန္ဒပြုလျှက်။ ၊၊
                                                                             ဘိက္ခု အာစာရ
                                                                   ၈ ရက်၊ သြဂုတ်လ၊ ၂၀၁၄ ခုနှစ်
No comments:
Post a Comment